Nov 20, 2008

အဆုံးမသတ်နိုင်သေးသော မူးရစ်ရီဝေ ဘ၀များ

Monday, 17 November 2008 17:49 တွမ် ကရေမာ

ရွှေတြိဂံ ဒေသအတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်းလာသည် ဆိုသော်လည်း ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အားထုတ် ကြိုးပမ်းမှု များတွင် ဖုန်းကွယ်ထားသည့် ကြီးမားသော ချို့ယွင်းချက်များရှိနေသေးသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အမျိုးသမီးတဦး ဘိန်းခြစ်နေစဉ် (ဓာတ်ပုံ- KADAC)

လွန်ခဲ့သော ဆယ်နှစ်အတွင်း မြန်မာနိုင်ငံ၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံများတို့တွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းလာခဲ့သည်။ ရွှေတြိဂံဟု ထင်ရှားလူသိများသော ထိုနိုင်ငံ ၃ ခု ဆုံတွေ့ရာဒေသသည် တချိန်တခါက ကမ္ဘာပေါ်တွင် ဘိန်းဖြူအများ ဆုံး ထုတ်လုပ်သော နေရာဒေသတခု ဖြစ်ခဲ့သည်။ သို့သော်လည်း ဤရွှေတြိဂံဒေသ၏ အဆင့်ကို ဘိန်းစိုက်ပျိုးထုတ် လုပ်မှု အဆမတန် များပြားတိုးတက်လာခြင်းဖြင့် အာဖဂန် နစ္စတန်နိုင်ငံက ဆက်ခံလိုက်ပြီ ဖြစ်သည်။ ၎င်းနိုင်ငံက ယနေ့ ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေသည်။

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ မှတ်တမ်းများအရ ၁၉၉၈ ခုနှစ်တွင် ရွှေ တြိဂံဒေသမှ ဘိန်းဖြူမက်ထရစ်တန် ၁,၃၀၀ ထုတ်ခဲ့ပြီး ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ပမာဏ၏ သုံးပုံ တပုံရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်မူ တန်ချိန် ၄၆၀၊ တနည်း ကမ္ဘာ့ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု ဆိုသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အရာရှိများက ထိုကဲ့သို့ ကျဆင်းလာမှုကို ကြီးမားသော အောင်မြင်မှုကြီးတခု အဖြစ် ချီးကျူးထောမနာ ပြုခဲ့ကြသည်။ "ရွှေတြိဂံဒေသသည် ဘိန်းဖြူထုတ်လုပ်မှု လျော့ကျလာနေသော အံ့သြဖွယ်ရာ ကာလတခုသို့ ချင်းနင်းဝင်ရောက်လာနေပြီ ဖြစ်သည်" ဟု UNODC ၏ ဒါရိုက်တာ အန်တိုနီယို မာရီယာ ကို့စ်တာ (Antonio Maria Costa) က ပြောကြားခဲ့သည်။ “ဆယ်စုနှစ်တခုကြာ ကြိုးပမ်းဆောင်ရွက်ခဲ့သော မူးယစ်ဆေးဝါး ထိန်း ချုပ်မှုလုပ်ငန်းအတွက် ရှင်းလင်းစွာ ရလဒ်ပေါ်ခဲ့ပြီ" ဟုလည်း သူက ပြောခဲ့သည်။
သို့သော် ထိုကဲ့သို့သော အကောင်းမြင်မှုအပေါ်တွင် စောဒကတက်စရာ အချက်အနည်းငယ်တော့ ရှိနေသည်။ ပထမ အချက်မှာ ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု မည်မျှမြင့် မားနေကြောင်း ပမာဏခန့်မှန်းမှု အတိအကျနှင့် ပတ်သက်၍ အငြင်းပွားစရာ ရှိနေသေးသဖြင့် ကျဆင်းမှု ပမာဏ အတိအကျနှင့် ပတ်သက်၍ အခြေအတင် မေးခွန်းများ ရှိနိုင်သေးသည်။
မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၁၉၈၈ ခုနှစ်တွင် တန်ချိန် ၁,၂၀၀ ခန့်ရှိခဲ့သည်မှ ၁၉၈၉ ခုနှစ်တွင် တန်ချိန် ၂, ၄၀၀ အထိ နှစ်ဆ ခုန်တက်ခဲ့သည်ဟု အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော ကိန်းဂဏန်းများက ဆိုခဲ့သည်။ သို့သော် ထို ကာလအတွက် ထုတ်ပြန်သော ကမ္ဘာ့ကုလသမဂ္ဂ၏ ကိန်းဂဏန်းများက ပို၍နည်းပါးနေပါသည်။ ထိုမျှမက မြန်မာနိုင်ငံ ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှုသည် ၁၉၉၇ ခုနှစ်တိုင်အောင် တန်ချိန် ၂,၀၀၀ အထက်တွင် ရှိသည်ဟုလည်း ကုလသမဂ္ဂ က ခန့်မှန်းထားပါသေးသည်။
သို့သော် တချို့သော လေ့လာသူများကမူ ယင်းကိန်းဂဏန်းများသည် နိုင်ငံရေးအပေါ်တွင် အခြေခံထားသော ကိန်း ဂဏန်းများ ဖြစ်ကြပြီး နောက်ပိုင်းတွင် လိုအပ်သလို စာရွက်ပေါ်တွင် ထားရှိသည့် ကိန်းဂဏန်းများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ " အသေးစိတ်လေ့လာကြည့်မည်ဆိုပါက ကြီးကျယ် ခမ်းနားထည်ဝါလှသော ကွန်ဖရင့်ကြီးများနှင့် အထင်ကြီးလောက်ဖွယ် အစီရင်ခံစာများတွင် အခြေအမြစ်မရှိ ဖေါ်ပြထား သော ယင်းကိန်းဂဏန်းများသည် ပုံကြီး ချဲ့လွန်းလှသည်" ဟု ကွယ်လွန်သူ ရှမ်းအတိုက်အခံခေါင်းဆောင် တဦးလည်းဖြစ်၊ ပညာရှင်တဦးလည်း ဖြစ်သူ ချောင်ဇန်း ညောင်ဝေက ၂၀၀၅ ခုနှစ်တွင် ရေးသားခဲ့ဖူးပါသည်။ တချို့သော ခန့်မှန်းတွက်ချက်မှုများအရ မြန်မာ နိုင်ငံတွင် ဘိန်းထုတ်လုပ်မှုသည် နှစ်စဉ် တန်ချိန် ၁,၀၀၀ ထက် မည်သည့်အခါမှ မပိုဟု ဆိုပါသည်။

ထို့အပြင် လွန်ခဲ့သော နှစ်များအတွင်း ဘိန်းစိုက်ပျိုးမှုပုံစံများသည် နေရာအသစ်များတွင် ပြောင်းရွှေ့ ဖြစ်ပေါ်နေသည့် အပြင် လွန်ခဲ့သော၂ နှစ်အတွင်း ဘိန်းထုတ်လုပ်မှု ထပ်မံတိုးတက်ခဲ့သည်ကိုလည်း မြင်ရပြန်သည်။ ဘိန်းစိုက်ပျိုးမှု အဓိကတိုးများလာသောနေရာများမှာ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်သည်။

အမ်စတာဒမ် အခြေစိုက် Think Tank အဖွဲ့တခုဖြစ်သော Transnational Institute (TNI) က ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သော သုတေသနပြုချက်တွင် ဘိန်းစိုက်ပျိုးမှုသည် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများအတွင်းရှိ မြို့နယ်များအထိပါ ပြန့်ပွားခဲ့သည်ဟု ဖေါ်ပြထားသည်။ ထို့အပြင် ထိုင်းနယ်စပ်နှင့် နီးစပ်သော ဒေသများနှင့် နမ့်ဆမ်၊ ကွမ်ဟိန်းနှင့် မိုးနဲ မြို့နယ်များတွင်လည်း သီးထပ်စိုက်ပျိုးမှုများ ရှိလာခဲ့သည်ဟု အစီရင်ခံ ဖော်ပြခဲ့သည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တင်းကျပ်စွာ ကန့်သတ်တားမြစ်ထားသော ၀ နယ်မြေ၊ ကိုးကန့် နှင့် မုန်းလားဒေသများ သည် ဘိန်းထုတ်လုပ်မှု ကင်းလွတ်နယ်မြေများအဖြစ် တည်ရှိနေသေးသည်ကို TNI သုတေသနပြုချက်က အတည်ပြု ထားသည်။ "ကျနော်တို့ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု ရှိမရှိကို မြို့နယ်တခုချင်းအလိုက် နှစ်စဉ် ကျနော်တို့စစ်ဆေးပါ တယ်။ အကယ်၍ ဘိန်း တမူ (၀. ၀၆၇ ဟက်တာ) စိုက်ပျိုးတာကို ကျနော်တို့ တွေ့တယ်ဆိုရင် အဲဒီသူတွေကို ထောင် ဒဏ် ၃ နှစ်နဲ့ ယွမ်ထောင်ဂဏန်း (၁ ယွမ် = ၀. ၁၅ အမေရိကန်ဒေါ်လာ) စသဖြင့် ဒဏ်ရိုက်ပါတယ်" ဟု ၀ အမျိုးသား သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ကိုယ်စားလှယ်တဦးက TNI သို့ မကြာသေးခင်က ပြောပြခဲ့သည်။

သို့သော်လည်း ၀ တပ်များ ထိန်းချုပ်ရာ ဒေသနှင့် နယ်နိမိတ်ထိစပ်နေသော အစိုးရထိန်းချုပ်မှုအောက်တွင် ရှိသည့် ဒေသများဖြစ်သည့် ဟိုပန်းမြို့နယ်တွင်မူ ဘိန်းစိုက်ပျိုးမှု တိုးများလာနေသည်။ UWSP ၀ တပ်များက ဘိန်းစိုက်ပျိုးမှု တားမြစ်ဟန့်တားလိုက်ပြီးသည့်နောက်ပိုင်း ထိုဒေသမှ ဘိန်းစိုက်သူများက ဟိုပန်းဒေသအတွင်းသို့ ပြောင်းရွှေ့ဝင် ရောက်လာကြပုံရသည်။

တချိန်တခါက အရှေ့တောင်အာရှ၏ အဓိက ဘိန်းဖြူထုတ်လုပ်မှုဒေသများဖြစ်ခဲ့သော လောနိုင်ငံ မြောက်ပိုင်းနှင့် ၀ ဒေသ နှစ်ခုစလုံးတွင် ဘိန်းစိုက်ပျိုးမှုကျဆင်းလာရခြင်းသည် ဒေသခံ အာဏာပိုင်များ၏ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ကြောင့် ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် လောနိုင်ငံ အစိုးရက ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု လုံးဝမရှိသော နိုင်ငံတခု အဖြစ်သို့ ရောက်ရှိရမည်ဖြစ်ကြောင်း ၎င်း၏ သံန္နိဌာန်ပြုချက်ကို တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပြီး ၂၀၀၆ ခုနှစ် ဖေဖေါ် ၀ါရီလတွင် ဘိန်းကင်းစင်သောနိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ သို့သော်လည်း လူသူအရောက်နည်းသော တောင် ထူထပ်သည့် ဒေသများတွင် ခိုးဝှက်စိုက်ပျိုးနေသော အသေးစား ဘိန်းစိုက်ခင်းများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာရခြင်းမှာလည်း ရှမ်းပြည်မြောက်ပိုင်းအတွင်း တည်ရှိသော အပစ်ရပ်အဖွဲ့များက ၎င်းတို့ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု တားမြစ်ဟန့်တားမှုများ ထုတ်ပြန်ကြေညာလာခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ တားမြစ်ဟန့်တားမှုများပြုခဲ့သည့် အဖွဲ့များတွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ဒေသ မုန်းလားတွင် ၁၉၉၇ ခုနှစ်၌လည်းကောင်း၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ကိုးကန့်ဒေသတွင် ၂၀၀၃ ခုနှစ်၌လည်းကောင်း၊ (UWSP) ၏ ၀ ဒေသအတွင်းတွင် ၂၀၀၅ ခုနှစ်၌ လည်းကောင်း ဘိန်းစိုက်ပျိုးမှု တားမြစ်ပိတ်ပင်အမိန့်များ ထုတ်ခဲ့ကြသည်။

ယခင်ကာလများတွင် ထိုဒေသများသည် ဘိန်းစိုက်ပျိုးသော အဓိကဒေသများ ဖြစ်ခဲ့ကြသည်။ ဆယ်စုနှစ်များစွာ တိုက် ခိုက်လာခဲ့ရသော ပြည်တွင်းစစ်ပွဲဒဏ်နှင့် ပိတ်ဆို့မှုဒဏ်များ ခံခဲ့ရပြီးနောက် ၎င်းအပစ်ရပ်အဖွဲ့များသည် မူယစ်ဆေးဝါး စီးပွားရေးတွင် ပါဝင်ခဲ့သော အမည်းစက်ကို ဖယ်ရှား၍ နိုင်ငံတကာ၏ နိုင်ငံရေးအရ အသိအမှတ်ပြုခံရရန်နှင့် ၎င်းတို့၏ ဆင်းရဲချွတ်ချုံကျနေသော ဒေသများအတွက် ဖွံ့ဖြိုးရေးအကူအညီအထောက်အပံ့များ ရရှိရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် ၁၉၉၇ ခုနှစ်မှစ၍ ရွှေတြိဂံဒေသအတွင်း အများအားဖြင့် မြန်မာဘက်ခြမ်းအတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်း လာရမှုသည် ဒေသခံအာဏာပိုင်များ၏ မူဝါဒဆိုင်ရာ ကြားဝင်ဆောင်ရွက်မှု တခုတည်းကြောင့် မဟုတ်ပေ။ ရွှေတြိဂံ ဒေသမှ ထုတ်ကုန်များမှ အာဖဂန်နစ္စတန် ထုတ်ကုန်များသို့ ကမ္ဘာ့ဘိန်းဈေးကွက် သိသိသာသာ ပြောင်းရွှေ့သွားသော ကြောင့်လည်း ဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း အသစ်အဆန်းဖြစ်စဉ် တခုတော့ မဟုတ်ပေ။ သမိုင်းကြောင်းကို ပြန်ကြည့်ပါက နိုင်ငံတကာ ဘိန်းနှင့် ဘိန်းဖြူဈေးကွက်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ ကြရမည် ဖြစ်သည်။ ၁၉၇၀ ခုနှစ်များတွင် တူရကီ ဘိန်းစိုက်ကွက်မှ အီရန်နှင့် ပါကစ္စတန်သို့ ပြောင်းရွှေ့သွားခဲ့ပြီး ထိုမှ တဖန် အာဖဂန်နစ္စတန်သို့လည်းကောင်း ပြောင်းရွှေ့သွားခဲ့သည်။ မက္ကစီကိုနှင့် ကိုလံဘီယာနိုင်ငံများတွင် ဘိန်းစိုက် ကွက် အသစ်များ ဖြစ်ပေါ်နေပြန်သည်။

မြန်မာ့ဘိန်းဖြူသည် ဥရောပနှင့် မြောက်အမေရိက ဈေးကွက်များတွင် အာဖဂန်မှ ထုတ်သော ဘိန်းဖြူ (ဥရောပနှင့် အမေရိကန်ဈေးကွက်) နှင့် လက်တင်အမေရိကနိုင်ငံများမှ ထုတ်သော ဘိန်းဖြူများ (အမေရိကန်ဈေးကွက်သို့) ၏ လုံးဝ သိမ်းပိုက်မောင်းထုတ်ခြင်းခံလိုက်ရသည် ဟူသောအချက်သည် လူသိနည်းသလို၊ အစီရင်ခံစာများ ရေးသားရာ တွင်လည်း ခြွင်းချန်ထားခဲ့ကြသည်။ ဤသည်မှာ အရေးကြီးသည့် အချက်တချက်လည်း ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ တွင် ကိုလံဘီယာနိုင်ငံမှ ဘိန်းဖြူများသည် အမေရိကန်ဈေးကွက်တွင် တဦးတည်း မင်းမူနေခဲ့သည်။ မြန်မာနိုင်ငံမှ လာသော ဘိန်းဖြူအားလုံးနီးပါးသည် လတ်တလောအားဖြင့် အရှေ့တောင်အာရှ၊ တရုတ်၊ အိန္ဒိယ၊ သြစတေးလျနှင့် ဂျပန်နိုင်ငံတို့တွင်သာ ဈေးကွက်ရှိ သုံးစွဲနေကြတော့သည်။

ယခင်က ဘိန်းဖြူထုတ်လုပ်သော တချို့အုပ်စုများသည် စိတ်ကြွဆေးပြားများ (Amphetamine-type stimulants –ATS) ထုတ်လုပ်ရေးဘက်သို့ ပြောင်းလဲသွားခဲ့ကြောင်း ညွှန်ပြချက်များ ရှိနေသည်။ အပစ်ရပ်အုပ်စုများက ဘိန်းစိုက် ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု တားမြစ်လိုက်သော ဒေသများဖြစ်သည့် ကိုးကန့်နှင့် ၀ ဒေသများကဲ့သို့သော ဒေသများ တွင် တရုတ်ရာဇ၀တ်ဂိုဏ်း အများအပြားက ATS စိတ်ကြွဆေးပြားများကို လာရောက်ထုတ်လုပ်နေသည်ဟုလည်း သတင်း အရင်းအမြစ်များစွာက အခိုင်အမာ ပြောဆိုနေကြသည်။

ပို၍စိုးရိမ်ဖွယ်ကောင်းသော အချက်မှာ မြန်မာနိုင်ငံနှင့် လောနိုင်ငံရှိ ဘိန်းစိုက်ပျိုးခဲ့သူများအကြား ဘိန်းထုတ်လုပ်မှု ကျ ဆင်းလာမှုကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရခြင်းဖြစ်သည်။ ထို့ကြောင့် ဘိန်းထုတ်လုပ်မှုကျဆင်ခြင်းကို "အောင်မြင်မှု တခု" အဖြစ် ထုတ်ဖေါ်ပြောဆိုရန်ပင် ခက်ခဲလှသည်။ ဘိန်းစိုက် တောင်သူဦးကြီးဟောင်းများကို နိုင်ငံတကာ အကူ အညီ တချို့ပေးထားပြီး ဖြစ်သည်။ နိုင်ငံတကာ အန်ဂျီအိုများနှင့် ကုလသမဂ္ဂအေဂျင်စီများစွာကလည်း "၀" နှင့် ကိုးကန့် နယ်များအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်။ သို့သော် ယင်းထောက်ပံ့မှုများမှာ ၎င်း ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်းမှုအပေါ် ပိတ်ပင်ထားခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ဆိုးကျိုးဒုက္ခ အပေါ် မထေမိသည်ကို အရှင်းသား မြင်တွေ့နေရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံ မြောက်ဘက်ခြမ်းဒေသအတွင်း ဘိန်းစိုက် တောင်သူဟောင်းများအတွက် အရေးပေါ် အစားအစာ အထောက်အပံ့များ ပေးထားပြီးဖြစ်သော်လည်း ယင်းအကူ အညီသည် ရေရှည်တည်တံ့မည့် အဖြေတခု မဟုတ်ပေ။

ရွှေတြိဂံဒေသအတွင်း ဘိန်းထုတ်လုပ်မှုကျဆင်းလာမှုကြောင့် ပေါ်ပေါက်လာသော အကြီးမားဆုံး ဆိုးကျိုးဒုက္ခမှာ ဘိန်းစိုက်ပျိုးတောင်သူများအပေါ်တွင် သက်ရောက်နေသည်ကို အငြင်းပွားဖွယ် မရှိသည့်အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိ တောင်ကုန်းများ၊ တောင်ထူထပ်သော ဒေသများအတွင်း ဘိန်းခင်းများ စိုက်ပျိုးလာသည်မှာ နှစ်ပေါင်း ၁၀၀ မက ရှိခဲ့ပြီးဖြစ်သည်။ ဘိန်းခင်းများကို လူသူအရောက်နည်းသော မတ်စောက်သည့် တောင်စောင်းများ သို့မဟုတ် လျှိုမြောင်ငယ်များတွင် များသောအားဖြင့် စိုက်ပျိုးကြပြီး ပုံမှန်အားဖြင့် ရေသွင်းစိုက်ပျိုးခြင်း သို့မဟုတ် မြေသြဇာအသုံးပြုခြင်းများလည်း မရှိကြပေ။ အထွက်နှုန်းသည်လည်း ပုံမှန်အားဖြင့် အာဖဂန်နစ္စတန်နိုင်ငံနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသည်ဟု ဆိုနိုင်သည်။
ဖွံ့ဖြိုးမှု မရှိသော အခြေခံအဆောက်အဦများနှင့် ခက်ခဲသော သယ်ယူပို့ဆောင်ရေးစနစ်များကြောင့် လူသူမနီး တောင် ထူထပ်သောဒေသများတွင် ဘိန်းခင်းအများစုကို စိုက်ပျိုးကြသောကြောင့်သာ ဈေးကွက်တွင် ရှားပါး၊ ယှဉ်ပြိုင်ရန် ခက်ခဲသော သီးနှံ ဖြစ်နေကြရသည်။ ခက်ခဲသော မြေအနေအထားတွင် ဘိန်းပင်များကို လွယ်လင့်တကူ စိုက်ပျိုး နိုင်ပြီးပြန်ရနိုင်သည့် တန်ဖိုးကလည်း သူတို့အတွက် ကြီးလှသည်။

ဘိန်းစိုက်ပျိုးခြင်းသည် ဆင်းရဲမွဲတေမှုနှင့်လည်း လုံးဝ ဆက်နွယ်မှု ရှိနေသည်။ ဘိန်းစိုက်ပျိုးသူအများစုမှာ တောင်ပေါ် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော လူနည်းစု တိုင်းရင်းသားအုပ်စုများမှ ဆင်းရဲသော ကျေး ရွာသားများ ဖြစ်ကြသည်။ ထိုတိုင်းရင်းသားများအထဲတွင် မြန်မာနိုင်ငံမှ ၀ ၊ အခါ၊ လားဟူ၊ ပလောင်၊ ပအို့ဝ်၊ ရှမ်း၊ ကရင်၊ ကရင်နီနှင့် ကချင်တိုင်းရင်းသားတို့ ပါဝင်ကြပြီး လောနိုင်ငံမှ ယောင် (Yao)၊ မုန်နှင့် အခါ တိုင်းရင်းသားများ အပြင်၊ ထိုင်းနိုင်ငံမှ မုံး၊ လားဟူ နှင့် အခါတိုင်းရင်းသားများ ပါဝင်ကြသည်။

မိရိုးဖလာအရ တိုင်းရင်းသားများသည် ဘိန်းကို ငှက်ဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ ၀မ်းပျက်ဝမ်း လျှောရောဂါနှင့် အနာသက်သာစေရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြသည်။ ဘိန်းကို ဓလေ့ထုံးစံ ပွဲတော်များ၊ လက်ထပ်မင်္ဂလာပွဲများနှင့် အသုဘ အခမ်းအနားများတွင်လည်း အသုံးပြုကြသည်။ ထို့အပြင် ဘိန်းအစေ့ကို ဟင်းချက် ဆီကြိတ်ရာတွင် အသုံးပြုသကဲ့သို့ ဘိန်းသည် နတ်ကိုးကွယ်ခြင်းနှင့်လည်း ဆက်နွယ်မှု ရှိနေပြန်သည်။ တခါတရံတွင် ဘိန်းကို ငွေကြေးအစားထိုး အသုံးပြုသကဲ့သို့ ဘိန်းသည် စုငွေပစ္စည်း အဖြစ်လည်း အသုံးပြုကြပြန်သည်။

ပို၍အရေးကြီးသော အချက်တခုမှာ ဘိန်းစိုက်ခင်းများသည် ၎င်းတိုင်းရင်းသားပြည်သူများအတွက် အဓိက ၀င်ငွေရ သီးနှံတခု ဖြစ်နေခြင်းပင်။ တနှစ်ပတ်လည်စာတွင် မိသားစုထမင်းစားရန်အတွက် ဆန်စပါးကို လေးလမှ ခြောက်လစာ အထိသာ ၎င်းတို့က စိုက်ပျိုးထုတ်လုပ်နိုင်သည်။ "ဘိန်းစိုက်ပျိုးခြင်းသည် မိသားစု လိုအပ်ချက်များ၊ ကလေးပညာရေး စရိတ်၊ ကျန်းမာရေး စရိတ်၊ အစားအစာနှင့် အိမ်ထောင်စု လိုအပ်ချက်ပစ္စည်းများ ၀ယ်ယူနိုင်ရေးအတွက် ငွေကြေးရရှိ နိုင်သည်။ ၎င်းတို့၏ အသက်ရှင်နေထိုင်မှုအတွင်း ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို ဘိန်းစိုက်ပျိုးခြင်းက ကူညီ ဖြေရှင်းပေးနိုင်သည်ဟု ပြည်သူများက မှတ်ယူကြသည်ဟု" TNI ၏ သုတေသနပညာရှင်တဦးက မှတ်တမ်းတင် ထားသည်။

ဘိန်းစိုက်ပျိုးမှု တားမြစ်လိုက်သည့်အတွက် ၀င်ငွေရအစားထိုးနည်းလမ်း တခုအဖြစ် ရှာဖွေရာတွင် တရုတ်နိုင်ငံ တလျောက်ရှိ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များနှင့် လောနိုင်ငံရှိ ဒေသခံ အာဏာပိုင်များက ယင်း ပြဿနာအတွက် အဖြေတခု ရှာတွေ့ခဲ့ကြသည်ဟု ယူဆခဲ့ကြသည်။ ဤအဖြေမှာ လွန်ခဲ့သော ဆယ်စုနှစ်တွင် စီးပွား ဖြစ် စိုက်ခင်းများ၊ အထူးသဖြင့် ရာဘာ၊ လက်ဖက်၊ ကြံနှင့် ဖရဲ စိုက်ခင်းများ အလွန်အမင်းတိုးများလာခဲ့ပြီး တရုတ် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုများကို တိုးမြှင့်ခဲ့ကြသည်။ လောနိုင်ငံရှိ ဒေသခံ အာဏာပိုင်များနှင့် မြန်မာနိုင်ငံရှိ ၀ဒေသမှ အာဏာပိုင်များက ရာဘာခင်းများကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုး ရန် တွန်းအားပေးနေကြပြီး ရာဘာပင်စိုက်ပျိးရန်အတွက် မြေဧကမြောက်များစွာကို သီးသန့်ဖယ်ထား အသုံးပြုခဲ့ကြ သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ဘက်ခြမ်းအပါအ၀င် ယင်းဒေသတခုလုံးသည် " ရာဘာခါးပတ် (Rubber Belt)" တခုအဖြစ်သို့ ပြောင်းလဲသွားစေရန် ကြိုးပမ်းခဲ့ကြသည်။

"၂၀၀၇ ခုနှစ်မှာ ရာဘာထွက်နှုန်းက တဧကဆိုရင် အမေရိကန်ဒေါ်လာ ၄၀၀ ကနေ ၅၀၀ အထိ ၀င်ငွေရရှိနိုင်တယ်။ ဘိန်းထုတ်လုပ်မှုက တဧကဆိုရင် အမေရိကန်ဒေါ်လာ ၂၀၀ လောက်သာ ရနိုင်ပါတယ်" ဟု လောနိုင်ငံ အခြေစိုက် နိုင်ငံတကာအေဂျင်စီတခု၏ ကိုယ်စားလှယ်တဦးက ပြောသည်။ "အဲဒါကြောင့် ရာဘာပင်စိုက်တာဟာ စိတ်ကူးယဉ် စရာကောင်းတဲ့ အကျိုးအမြတ်ရတဲ့ သီးနှံတခု ဖြစ်လာတယ်။ ရာဘာအပင်ဆိုတာ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေ ကို ကယ်မနိုင်တဲ့ လက်နက် ပစ္စည်းတခုဆိုတာ အုပ်ချုပ်သူ တော်တော်များများက သဘောပေါက်လာကြပါတယ်"ဟု လည်း TNI သုတေသနပညာရှင်က ဆိုခဲ့သည်။

သို့သော် ရာဘာစိုက်ခင်းများသည် ရေရှည် ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့်အားလျော်စွာ ရာဘာအတွက် အနာဂတ် ဈေးကွက်နှင့် ရာဘာဈေးတည်ငြိမ်မှုအပေါ်တွင်လည်း စိုးရိမ်ချက်များ ရှိနေရသေးသည်။ ယူနန်ပြည်နယ်၊ မြန်မာ ပြည် မြောက်ဘက်ခြမ်းနှင့် လောနိုင်ငံများတွင် ရာဘာပင် အကြီးအကျယ်တိုးမြှင့် စိုက်ပျိုးနေခြင်းအပေါ် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အထူးစိုးရိမ်မှုများလည်း ရှိနေကြသည်။

"ရာဘာပင်ဆိုတာ ကောင်းတဲ့အရာတခုပါ" ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဆစ်ဆောင်ပန္နား အပူပိုင်းရာသီ ရုက္ခဥယျာဉ် (Xishuangbanna Tropical Botanical Garden) မှ ဟူဟွာဘင်း (Hu Huabin) က ရှင်းပြသည်။

"ဒါပေမယ့် အရမ်းကာရော စိုက်မယ်ဆိုရင်တော့ ပြဿနာ ရှိတယ်"ဟုလည်း သူက ဆိုသည်။

ဟူဟွာဘင်းက ပြောပြရာတွင် ရာဘာစိုက်ပျိုးခြင်းသည် မူလအစတွင် နိုင်ငံတော်ပိုင်ဥယျာဉ်များတွင်သာ စိုက်ပျိုး သော်လည်း နောက်ပိုင်းတွင် တရုတ်ပြည်တ၀န်း စိုက်ပျိုးခွင့်ပြုခဲ့သည့်အချိန်မှစ၍ ဒေသအတွင်း ပျံ့နှံ့သွားခဲ့သည်ဟု ဆို သည်။ "ဒေသအတွင်း မနက်ခင်း ပေါ်လာနေကြ မြူတွေသိပ်မကျတော့ဘူး ဆိုကတည်းက ရာဘာစိုက်ပျိုးခြင်း ကြောင့် ဒေသအတွင်းရာသီဥတုအပြောင်းအလဲအပေါ် သက်ရောက်မှု ရှိနေပါပြီ" ဟုသူက ဆိုခဲ့ပါသည်။

တရုတ်ကုမ္ပဏီများက ရာဘာစီးပွားဖြစ်စိုက်ပျိုးခြင်းတွင် အကြီးအကျယ်ရင်းနှီးမြုပ်နှံမှုများလုပ်နေခြင်းနှင့် ရှိပြီးသား စိုက်ပျိုးမြေများကို စီးပွားရေးလုပ်ကွက်များအတွက် အသွင်ပြောင်းလိုက်ခြင်းကြောင့် ရှိပြီးသား စိုက်မြေ ပြဿနာကိုပါ ပို၍ ဆိုးရွားလာစေသည်။ အထူးသဖြင့် လူနည်းစု ဆင်ရဲသားရွာသားများအတွက် ပို၍ ခက်ခဲစေသည်ဟု ဆိုသည်။ ဆင်ရဲသားရွာသားများအဖို့ စိုက်ပျိုးရန် အလွန်ခက်ခဲသည့် မြေဖျင်းမြေညံ့များကိုသာ ရရှိကြပြီး ရာဘာစိုက် ခင်းများ တွင်လည်း လုပ်အားပေးရန်အတွက် ပုံမှန်ဆိုသလို အတင်းအဓမ္မ ချောဆွဲ ခံကြရပြန်သည်။

"ကျနော်အလုပ်လုပ်တဲ့ မြို့နယ်အတွင်းမှာရှိတဲ့ အိမ်ထောင်စုမှန်သမျှ ရာဘာစိုက်ခင်းမှာ လုပ်အားမပေးရတဲ့ အိမ် ထောင်စုရယ်လို့ တစုတလေတောင် မရှိပါဘူး၊ အတင်းအကျပ် ခိုင်းတာပါပဲ။ ဒါပေမယ့် သူတို့ကို လုပ်အားခ နည်း နည်းပါးပါးတော့ ပေးပါ တယ်" ဟု "၀" ဒေသအခြေစိုက် နိုင်ငံတကာ အကူအညီပေးရေး လုပ်သား တဦးက ပြောပြခဲ့သည်။

သို့သော် "၀" ဒေသအတွင်း အလုပ်လုပ်ကိုင်နေသော တခြားအကူအညီပေးရေးလုပ်သားတဦးကမူ ထိုကဲ့သို့ လုပ်အား ခပေးမှုတွင် အာမခံချက်မရှိဟု ဆိုသည်။ "ရာဘာစိုက်ခင်း မန်နေဂျာအပေါ်မှာ မူတည်ပါတယ်၊ တော်တော်များ များက တော့ ဘာလခမှ မရပါဘူး၊ ဒါပေမယ့် အပြန်အလှန်အားဖြင့် သူတို့ အခွန်ပေးစရာတော့ မလိုတော့ဘူး၊ ပြဿနာက တော့ တကယ့်အကြီးကြီးပါ"ဟုလည်း သူက ပြောသည်။

တချိန်တည်းမှာပင် ဒေသခံပြည်သူများသည် ဘိန်းပပျောက်ရေးလုပ်ငန်းကြောင့် ဖြစ်ပေါ်လာရသည့် ဆိုးကျိုးဒုက္ခများ ခံစားရခြင်း အပေါ်တွင်သာ စိတ်မကျေမချမ်းဖြစ်နေကြခြင်း မဟုတ်ပေ။ တခြား မကျေနပ်မှုများလည်း ရှိနေကြသည်။

"ကျနော်တို့ဒေသမှာ ဘိန်းမစိုက်ပျိုးရတားမြစ်ချက်ကို အဓိက လုပ်ရခြင်းက တရုတ်ပြည်က ဖိအားပေးလာလို့ပါ" ဟု မုန်းလားဒေသအတွင်းရှိ အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် NDAA အဖွဲ့၏ ကိုယ်စားလှယ်တဦးက ဆိုခဲ့သည်။

“ကျနော်တို့က ဘိန်းမစိုက်ပျိုးရ တားမြစ်ချက်လုပ်ငန်းကို ပထမဦးဆုံး စလုပ်ခဲ့တဲ့ အဖွဲ့ဖြစ်နေတာတောင်မှ ကျနော်တို့ ဒေသကနေ တရုတ်ပြည်ကို ဘိန်းတွေ ဘာဖြစ်လို့ ဒီလောက်များများစားစား ၀င်ရတာလဲလို့ ကျနော်တို့ကို သူတို့က အခု မေးနေပြီ" ဟု ၎င်းက ပြောပြသည်။

တရုတ်နိုင်ငံသည် မကြာသေးမီက မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာသည့်အပေါ်တွင် အထင်းသား စိုးရိမ် ပူပန်နေသည်။ ဒီမိုကရက်တစ်တပ်မတော်သစ် (ကချင်) (NDA-K) ကဲ့သို့သော အပစ်အခတ်ရပ်စဲရေး အဖွဲ့များကို ၎င်း တို့ထိန်းချုပ်ရာ ဒေသများအတွင်း ဘိန်းစိုက်ပျိုးမှုများ ရပ်စဲစေရန် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရာဇသံပေးထားပြီး လည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၎င်းတို့ဘာသာ သီးသန့် စစ် တမ်းကောက်ယူမှုများလည်း ပြုလုပ်နေသည်။

တရုတ်နိုင်ငံ နယ်စပ်တရိုးရှိ ယခင်က ဘိန်းဖြူစိုက်ပျိုး ထုတ်လုပ်ခဲ့သော ပြည်သူလူထုထံသို့ အရေးပေါ် ဆန်အကူ အညီများ ထောက်ပံ့ပေးနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုဒေသများအတွင်း တရုတ်နိုင်ငံမှ အကူအညီပေးသော ဘိန်းအစား ထိုး သီးနှံလုပ်ငန်းများသည် စီးပွားရေးအကျိုးအမြတ်ကို အဓိကမျှော်ကိုးသည့် တရုတ် ပုဂ္ဂလိကကုမ္ပဏီ များမှ လာနေ ခြင်း ဖြစ်သည်။

အစားထိုး ဖွံ့ဖြိုးရေးစီမံချက် ခေါင်းစဉ်အောက်မှ တဆင့် ၎င်းတို့ဒေသအတွင်း လာရောက်လုပ်ကိုင်နေ ကြသော တရုတ် ကုမ္ပဏီများနှင့် ပတ်သက်၍ အပစ်ရပ်အဖွဲ့များက သိပ်တော့သဘောမတွေ့လှပေ။ အဘယ်ကြောင့်ဆိုသော် ထိုကုမ္ပဏီ များ၏ ဒေသအတွင်း ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော လုပ်ငန်းများသည် အပေါင်းလက္ခဏာဆန်သော အကျိုးပြုမှုများ ရှိ မလာခြင်းကြောင့် ဖြစ်သည်။ ယင်းတရုတ်ကုမ္ပဏီများသည် ဖွံ့ဖြိုးရေး စီမံချက်များ လုပ်ဆောင်ရန်အတွက် တရုတ် အစိုးရထံမှ ချေးငွေများ ရရှိကြသည်။ သို့သော် လက်တွေ့တွင်မူ သူတို့စီးပွားရေးသာ သူတို့လုပ်နေကြ ခြင်းဖြစ်သည်။ အများစုသော ဘိန်းစိုက်တောင်သူဦးကြီးများက ထိုစီမံချက်များမှ တစုံတရာအကျိုးအမြတ် ခံစားခွင့် မရှိကြသေးပေ။

ကျေးလက်နေပြည်သူများ လတ်တလော တွေ့ကြုံနေရသည့် ဘေးဒုက္ခအပေါ် ထပ်လောင်း ဒုက္ခမဖြစ်စေရေးကို ဟန့် တားရန် နှင့် ယနေ့အချိန်အထိ အောင်မြင်မှုရရှိရန်အတွက် အဟန့်အတားဖြစ်နေခြင်းများကို တားဆီးနိုင်ရန်အတွက် မူးယစ်ဆေးဝါးထိန်းချုပ်မှု မူဝါဒများသည် ဖွံ့ဖြိုးရေးကို ဦးတည်ရှေးရှု လုပ်ဆောင်သင့်လှပေသည်။ မူဝါဒများတွင် ရေ ရှည် အမြင်ရှိသင့်ပြီး ဘိန်းစိုက်တောင်သူများအတွက် အစားထိုး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလည်း ဆောင် ရွက်ပေးရန် အထူးအာရုံထားသင့်သည်။ ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် နိုင်ငံတကာ အသိုင်းအ၀န်းက ရွှေ တြိဂံဒေသကို ပစ်ပယ်မထားရန် အထူးအရေးကြီးလှပါသည်။ ထိုကဲ့သို့သော နည်းလမ်းများမရှိပါက ဘိန်းဖြူ ထုတ် လုပ်မှုကျဆင်းနေခြင်းသည် တာရှည်ခံလိမ့်မည် မဟုတ်ပါကြောင်း။ ။

Tom Kramer ရေးသားသည့် Burma Daze ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

တွမ်ကရေမာသည် Transnational Institute (TNI) ၏ မူးယစ်ဆေးဝါးနှင့် ဒီမိုကရေစီ အစီအစဉ်မှ သုတေသီ တဦး ဖြစ်သည်။ TNI ၏ လေ့လာချက်တခုဖြစ်သော " Withdrawal Symptoms Changees in the Southeast Asian Drugs Market" ကို အင်တာနက်စာမျက်နှာ www.tni.org/drugs တွင် ဖတ်ရှုနိုင်ပါသည်။

Nov 9, 2008

Ethnic Leaders Welcome the UN Secretary-General’s Report on Burma

United Nationalities Alliance (UNA)
Rangoon, Burma (Myanmar).
Date: 7 November 2008

Ethnic Leaders Welcome the UN Secretary-General’s Report on Burma to the General Assembly, and Call on Ban Ki-moon to Ask the Security Council to Act

(1) The United Nationalities Alliance (UNA), a coalition of 12 ethnic political parties that together won 67 seats in the 1990 election, strongly welcomes and supports the report of the UN Secretary-General on Burma, submitted to the UN General Assembly on Oct 20, 2008. (2) In his report, Secretary-General indicated his clear understanding of the position of “key stakeholders in Burma, including the National League for Democracy party, a group of 92 persons elected as Members of Parliament in the 1990 elections, and the United Nationalities Alliance, as well as other relevant groups, such as the 88 Generation Students’ group, the All Burma Monks’ Alliance and the All Burma Federation of Student Unions,” who all “formally announced their rejection of the new constitution and the process by which it was adopted and reasserted long-standing demands for the release of political prisoners and an all-inclusive national dialogue”.1
(3) The Secretary-General also admitted that “specific suggestions of the United Nations to improve the credibility and inclusiveness of the political process have thus far not been taken up by the Government.”2 The Secretary-General insisted that “it remains the primary responsibility of the Government of Myanmar to genuinely demonstrate its stated commitment to cooperating with the United Nations by working constructively through tangible results with the good offices process”.3
(4) We wholeheartedly support the assertion made by the Secretary-General in his report that “there is no alternative to dialogue to ensure that all stakeholders can contribute to the future of their country. In this regard the release of Daw Aung San Suu Kyi and other political prisoners will be the key for the resumption of an enhanced, all-inclusive, substantive and time-bound dialogue”.4
(5) We request the Secretary-General to call on the UN Security Council to take effective action against the Burmese regime if it fails to release all political prisoners, including Daw Aung San Suu Kyi, and start a meaningful and time-bound dialogue by the end of December 2008.


1 “Situation of Human Rights in Myanmar”, report of the Secretary-General, 17 September 2008, A/63/356, paragraph 28
2 Ibid. paragraph 43
3 Ibid. paragraph 44
4 Ibid. paragraph 46

Design by infinityskins.blogspot.com 2007-2008